Home »
Mobile Knowledges
» ၁၅၀၀ တန် ဖုန်းများတွင် ဝန်ဆောင်မှု အသစ်များ အသုံးပြု၍ ရမည်မဟုတ်
၁၅၀၀ တန် ဖုန်းများတွင် ဝန်ဆောင်မှု အသစ်များ အသုံးပြု၍ ရမည်မဟုတ်
Written By 1 Mobile Corner on 03/11/2013 | 3.11.13
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ထပ်မံ တိုးချဲ့ထားသော မိုဘိုင်းလ်ဖုန်း ဝန်ဆောင်မှု အသစ်များကို အသစ်ချပေးထားသော ကျပ် ၁၅၀၀ တန် တန်ဖိုးနည်း ဖုန်းများတွင် အသုံးပြု၍ ရဦးမည် မဟုတ်ဘဲ ယခင် ရောင်းချပေးထားသည့် ကျပ်ငါးသိန်း၊ နှစ်သိန်းနှင့် ၁၅ သိန်း တန် ဖုန်းများတွင်သာ အသုံးပြုနိုင်မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက နိုဝင်ဘာလ ၁ ရက်နေ့ မှစတင်၍ Call Waiting Service ( ဖုန်းခေါ်ဆိုမှု တစ်ခု ကို လက်ခံ ဖြေကြား နေစဉ် အခြား ဖုန်း တစ်ခု ဝင်လာ ပါက လက်ခံ ပေးခြင်း ) ကို တစ်လလျှင် ၅၀၀ ကျပ်၊ Call Forward Service ( မိမိ ဖုန်း မအားပါက လိုင်းလွှဲ ပေးခြင်း ) ကို တစ်လ လျှင် ၉၀၀၀ ကျပ်၊ Voice Mail Service ကို တစ်လလျှင် ၁၀၀၀ ကျပ်နှင့် Miss Call Alert ( မိမိဖုန်း စက်ပိတ် ထားသော်ငြား လည်း Miss Call များ လက်ခံ ပေးထားခြင်း ) ကို တစ်လလျှင် ၁၀၀၀ ကျပ်နှုန်း များဖြင့် စတင်ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း ကြေညာ ထားသည်။
“ဝန်ဆောင်မှု အသစ်လေးခု ထပ် တိုးချဲ့မှာပါ။ GSM, WCDMA, CDMA 800 MHz, CDMA 450 MHz အားလုံး ရတယ်။ ဒါပေမယ့် အခုချ ထားတဲ့ ၁၅၀၀ တန်တွေ တော့ မရသေး ဘူး” ဟု မြန်မာ့ ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦး က ဆိုသည်။ ၁၅၀၀ တန်ဖုန်းများ အတွက် ဝန်ဆောင်မှု အသစ်များပေးနိုင်မည့် အချိန် ကိုမူ အတိအကျမသိသေးကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအတွက် ပြန်ကြားရေး ဝန်ဆောင်မှုဆောင်ရွက် ပေးနေသော ၁၈၇၆ Call Center က ပြောကြားသည်။
အဆိုပါဝန်ဆောင်မှုကို ရယူလိုသူများသည် အသုံးပြုလိုသော ဝန်ဆောင်မှုအပေါ် မူတည် ၍ Call Waiting Service အသုံးပြု လိုသူများအတွက် Orderdata CW, Call Forward Service အတွက် Orderdata CF, Voice Mail Service အတွက် Orderdata VMS နှင့် Miss Call Alert ဝန်ဆောင်မှုအတွက် Orderdata MCA ဟု ၁၃၃၁ နံပါတ် သို့ SMS ရိုက်၍ ပေးပို့မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။ ဖုန်းကိုင်ဆောင်သူများသည် အဆိုပါ ဝန်ဆောင်မှု အားလုံးကို အသုံးပြုနိုင်မည် မဟုတ်ဘဲ ဖုန်းလိုင်းတစ်ခုလျှင် Call Waiting Service နှင့် Call Forward Service ထဲမှတစ်ခုနှင့် Voice Mail Service နှင့် Miss Call Alert တို့ထဲမှ တစ်ခုစီကိုသာ ရွေးချယ်သုံးစွဲနိုင်မည် ဖြစ်သည်။
The Voice Daily
0 comments:
Post a Comment